သိန္နီမြို့တွင် မူကြိုအဆင့် သင်္ကြန်ယိမ်းအကပြိုင်ပွဲ ကျင်းပ

သိန္နီ မတ် ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ မူကြိုအဆင့် သင်္ကြန်ယိမ်းအကပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က ပြိုင်ပွဲတွင် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သိန္နီမြို့နယ်အတွင်းရှိ Kids Palace၊ မောက်ဟွမ်ဆုန်၊ ကျောင်းခမ်း၊ ပန်စုံ၊ ခမရ(၃၂၃) ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၅) ကျောင်းမှ ကလေးငယ်များက ကျောင်းများအလိုက် အဖွဲ့(၅)ဖွဲ့ခွဲကာ သင်္ကြန်ယိမ်းအကပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲဝင် ကလေးငယ်များအား တာဝန်ရှိသူများက အမှတ်တရ ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)