မိုးနဲ မတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစီအစဉ်ဖြင့် မြို့နယ်ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ကြီးကြပ်ပေးပြီး ဝန်ထမ်းများကပူးပေါင်း၍ မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်ရဲစခန်းမှူးရုံးများသို့ ယနေ့နံနက် ၉ နာရီအချိန်က စာအုပ် စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာပေချစ်မြတ်နိုးသူ ဌာနဆိုင်ရာ စာဖတ်ပရိတ်သက်များအနေဖြင့် စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သူများ အလွယ်တကူငှားရမ်း ဖတ်ရှုလေ့လာနိုင်စေရန်၊ အသိပညာဗဟုသုတ ပိုမိုထက်မြတ်လာစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိစေရန်၊ ဆုံးဖြတ်ချက်ကောင်းများကို အချိန်တိုအတွင်းချမှတ်နိုင်စေရန်၊ အားလပ်သောအချိန်များကို စာအုပ်စာပေဖတ်ရှုလိုက်ခြင်းဖြင့် အကျိုးရှိစွာကုန်ဆုံးစေရန်ရည်ရွယ်၍ သုတ/ရသ စာအုပ်များကို ကွင်းဆင်းငှားရမ်းပေးခဲ့ကြရာ စာဖတ်၊ စာငှားပရိတ်သက်များက ၎င်းတို့ကြိုက်နှစ်သက်ရာစာအုပ်များကို စိတ်ပါဝင်စားစွာ ငှားရမ်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ မိုဘိုင်း library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခြင်းကို အပတ်စဉ် သောကြာနေ့တိုင်း ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိကြောင်း စာကြည့်တိုက် တာဝန်ခံထံမှ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)