မိုင်းယု မတ် ၁၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် သင်္ကြန်ကာလရေကစားအပန်ဖြေ လည်ပတ်နိုင်ရန်အတွက် မြို့မရပ်ကွက်၊ ဒေါင်နေကျေးရွာအနီးရှိ နမ့်လွေချောင်းသောင်ပြင်တွင် ယာယီတဲနှင့်ဈေးဆိုင်များ ယနေ့ကစတင်၍ ဆောက်လုပ်ပြင်ဆင်နေကြပြီဖြစ်သည်။
မိုင်းယုမြို့တွင် ၂၀၂၃ခုနှစ်၊ သင်္ကြန်ကာလ ဧပြီလ ၁၃ ရက်နေ့မှ နှစ်ဆန်းတစ်ရက်နေ့ထိ အပန်ဖြေရေ ကစားပျော်ရွှင်စွာ လည်ပတ်နိုင်ရန်အတွက် ဒေသခံဈေးသည်များမှ ယာယီတဲများ၊ ဈေးဆိုင်များ စတင်ဆောက်လုပ်၍ ဈေးဖွင့်လှစ်ရောင်းချနိုင်ရန် ပြင်ဆင်နေလျက်ရှိကြပြီး လတ်တလောတွင် ရှမ်းဥပုဒ်နေ့နှင့် အများပြည်သူအလုပ်နားရက်တို့တွင် ပြည်သူများ လာရောက်လည်ပတ်နေလျက် ရှိကြသည်။
မိုင်းယုမြို့သည် နမ့်လွေချောင်း၏ ကမ်းစပ်တွင်တည်ရှိပြီ နယ်စပ်ကုန်သွယ်ရေး မိုင်းယု-ကျိန်းယဲန်း တံတားကြီးအား မြို့အဝင်တွင်တည်ဆောက်ထားသဖြင့် ကုန်တင်ယာဉ်များ၊ လိုင်းကားများနှင့် ရပ်ဝေးမှ ခရီးသွားပြည်သူများ လာရောက်ကြသည့်မြို့ဖြစ်သော်လည်း အဆိုပါ သင်္ကြန်ကာလ လည်ပတ်နိုင်ရန်အတွက် နမ့်လွေချောင်းသဲသောင်ပြင်တွင် အပန်ဖြေရေကစား ပျော်ရွှင်နိုင်သည့် ယာယီတဲများ၊ ဈေးဆိုင်များဆောက်လုပ်မှုကို ယခုနှစ်တွင်သာ ပထမဆုံးအကြိမ် ပြုလုပ်ကြခြင်း ဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်