ဗန်းမော်မြို့တွင် ခရိုင်အဆင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဗန်းမော် မတ် ၁၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်အဆင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီခန့်က ကျင်းပခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ ဗန်းမော်ခရိုင်အတွင်း၌ ညနေမှောင်စပျိုးချိန်နှင့် ညဖက်အချိန်များတွင် ယာဉ်တိုက်မှုများ ဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး ယာဉ်တိုက်မှုကြောင့် လူများအသက်အန္တရာယ် ဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာ ဖြစ်ပွားမှုများ ပိုမိုများပြားလာသည့်အတွက် ပထမအကြိမ် အစည်းအဝေးတွင် ရောင်ပြန်စတေကာများ ကပ်ခြင်းလုပ်ငန်းကို  ကော်မတီ၏ ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဆောင်ရွက်ခဲ့ရာ အောင်မြင်ခဲ့ပါကြောင်း  ကျောင်းပိတ်ရာသီရောက်လာပြီ ဖြစ်သည့်အတွက် ဒေသအတွင်းနေထိုင်ကြသည့် ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရခြင်း၊ အသက်ဆုံးရှုံးမှုများ ဖြစ်ပွားမှုများ လျော့ကျစေရန်အတွက် ယာဉ်များ မောင်းနှင်ရာတွင် ယာဉ်မောင်းလိုင်စင် ရှိ/မရှိနှင့် ဆိုင်ကယ်စီးဦးထုပ်မဆောင်းဘဲ မောင်းနှင်မှု မရှိစေရန် စည်းကမ်းတင်းကျပ် ကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ဗန်းမော်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မျိုးဝင်းက မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားအသစ်များ အမြန်ပြောင်းလဲတပ်ဆင်ရေးနှင့် ပတ်သက်၍ နိုင်ငံပိုင် ဌာနဆိုင်ရာယာဉ်များ၊ အဝေးပြေး ခရီးသည်တင်ယာဉ်များ၊ မြို့တွင်းခရီးသည်တင် ယာဉ်လိုင်းများ၊ တက္ကစီယာဉ်များ၊ ကုန်တင်ယာဉ်များက မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ဖောင်းကြွနံပါတ်ပြား ပြောင်းလဲတပ်ဆင်ရမည်ဖြစ်ကြောင်းနှင့် ပုဂ္ဂလိက အိမ်စီးမော်တော်ယာဉ် ပိုင်ရှင်များအနေဖြင့် မတ်လ ၁၅ ရက်မှ စတင်၍ ဖောင်းကြွနံပါတ်ပြား ပြောင်းလဲ တပ်ပေးနေပြီဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများက အသီးသီး ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်