ကျောက်ဖြူ မတ် ၁၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျောင်းသား၊ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်ရှည်များတွင် အချိန်ကိုအလဟသမကုန်ဆုံးစေဘဲ အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အများရှေ့တွင်ပြောရဲဆိုရဲပြီး စကားပြောစွမ်းရည် ကောင်းလာစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက ပြိုင်ပွဲပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် သတ်မှတ်ထားသည့် အမှတ်ပေး စည်းမျဉ်း၊ စည်းကမ်းများကို ပြိုင်ပွဲဝင်သူများ သိရှိစေရန် ရှင်းလင်းပြောကြားပြီး ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား တာဝန်ရှိသူများက အမှတ်တရဆု လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး