နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထုတ်လုပ်သည့် နွေစပါးစီမံကိန်း (၅၀) ဧကအတွက် ချေးငွေသဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် သွင်းအားစု ထုတ်ပေးခြင်း အခမ် းအနား ကျင်းပ

မြစ်သား မတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးထုတ်လုပ်သည့် နွေစပါးစီမံကိန်း (၅၀) ဧကအတွက် ချေးငွေသဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် သွင်းအားစု ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ တိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးဦးဇော်ဝင်းထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးအောင်သူတို့မှ စိုက်ပျိုးထုတ်လုပ်သူတောင်သူနှင့် သွင်းအားစု ရောင်းချသူတို့အား ပူးပေါင်းချိတ်ခြင်းကို စိုက်ပျိုးရေးဦးစီးဌာနနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်ဌာနများမှ ဆောင်ရွက်ပေးကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ စပါးသိပ္ပံ နည်းကျစိုက်ပျိုးနည်းစနစ်ကို ကျင့်သုံး၍ စိုက်ပျိုးထုတ်လုပ်ရန် ကွင်းထဲအရောက် ပညာပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများမှ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်ကို လိုက်နာကျင့်သုံးဆောင်ရွက်ခြင်းဖြင့် စပါးအထွက်တိုးစေလိုကြောင်း လမ်းညွှန်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်မောင်ငြိမ်းက နွေစပါးစီမံကိန်း အကောင်ထည်ဖော် ဆောင်ရွက်သွားမည့် ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါး စီမံကိန်းအတွက် ချေးငွေသဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြသည်။

ထို့နောက် နွေစပါးစီမံကိန်းအတွက် ချေးငွေသဘောတူစာချုပ် ချုပ်ဆိုစိုက်ပျိုးမည့် တောင်သူများအား တိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်း၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်  ဦးအောင်သူ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်မောင်ငြိမ်းနှင့် တာဝန်ရှိသူများက ဒိုင်းကျေးရွာအုပ်စု ကွင်းအမှတ် (၆၄၈)ရှိ တောင်သူ (၂၁)ဦးအား သွင်းအားစုများဖြစ်သည့်   ယူရီးယားဓာတ်မြေဩဇာနှင့် ကွန်ပေါင်းဓာတ်မြေဩဇာများအား တောင်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

သီတာအောင်(မြစ်သား)