ငါန်းဇွန်မြို့၌ တောင်သူများအား စိုက်ပျိုးနည်းပညာပေးသင်တန်းနှင့် မျိုးစေ့သွင်းအားစုများ ပံ့ပိုးပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ငါန်းဇွန်    မတ် ၁၇

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ်၏ စိုက်ပျိုးရေး၊ မွေးမြူရေး ခေတ်မီစံပြကျေးရွာ(Smart Village)ဖြစ်သော ရွာသစ်ကျေးရွာ၌ ၂၀၂၃.ခုနှစ် နွေနှမ်းမျိုးစေ့ထုတ် စံပြကွက်(၄၀)ဧက ဆောင်ရွက်မည့် တောင်သူများအား စိုက်ပျိုးနည်းပညာပေးသင်တန်းနှင့် မျိုးစေ့သွင်းအားစုများ ပံ့ပိုးပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီခွဲက စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္က ဦးမျိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းလင်းက နွေနှမ်း စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် မြို့နယ်မျိုးစေ့တာဝန်ခံ၊ မြေအသုံးချရေးတာဝန်ခံနှင့် သီးနှံကာကွယ်ရေးတာဝန်ခံတို့မှ ဘာသာရပ်အလိုက် တက်ရောက်လာသော တောင်သူများအား သင်တန်းပို့ချဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးနည်းပညာပေးသင်တန်းအပြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္က ဦးမျိုးမင်းသိန်းနှင့် မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းလင်းတို့က ခေတ်မီစံပြကျေးရွာ (Smart Village) နွေနှမ်း မျိုးစေ့ ထုတ်စံပြကွက် စိုက်ပျိုးမည့် တောင်သူများအား (ဆင်းရတနာ-၄)နှမ်းမျိုးသန့်နှင့် သွင်းအားစု ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)