လယ်ဝေး မတ် ၁၇
နေပြည်တော်ကောင်စီ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်တို့၏ ဝန်ထမ်းမိသားစုများမှ စုပေါင်းလှူဒါန်းသော ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက လယ်ဝေးမြို့၊ မြို့ဦးတိုက်သစ်သံလမ်း ပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။
ရှေးဦးစွာ မြို့ဦးတိုက်သစ်သံလမ်း ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာ တော်အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုဇန မထေရ်မြတ်ထံမှ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော်ကို နာယူကြည်ညိုကြသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက မြို့ဦးသံလမ်းတိုက်သစ် ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုဇန မထေရ်မြတ်ထံ ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် မြို့ဦးတိုက်သစ်သံလမ်း ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုဇန မထေရ်မြတ်ထံမှ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးအမှူးပြုသော ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှု အစုစုအတွက်ရေစက်သွန်းချ အမျှပေးဝေကြသည်။
နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်တို့၏ ဝန်ထမ်းမိသားစုများမှ စုပေါင်းလှူဒါန်းသော ဆွမ်းဆန်တော်များကို ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ မြို့ဦးတိုက်သစ်သံလမ်း ပရိယတ္တိစာသင်တိုက်နှင့် ရန်ကင်းတောရကျောင်းများသို့ ဆွမ်းဆန်တော် စုစုပေါင်း ၂၉ အိတ်ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)