နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ မော်တော်ယာဉ်ဖောင်းကြွ နံပါတ်ပြားအသစ်များ ပြောင်းလဲတပ်ဆင်

နေပြည်တော် မတ် ၁၇

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ မော်တော်ယာဉ်ဖောင်းကြွ နံပါတ်ပြားအသစ်များ အမြန်ပြောင်းလဲတပ်ဆင်ခြင်းကို ယနေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားများကို ခေတ်နှင့်လျော်ညီစွာ နိုင်ငံတကာ၌ အသုံးပြုနေသည့် မော်တော်ယာဉ်နည်းတူ လုံခြုံရေးပိုင်းဆိုင်ရာ အချက်အလက် (Securty Feature)များ ထည့်သွင်းရိုက်နှိပ်၍ အသုံးပြုတပ်ဆင် ပေးလျက်ရှိကြောင်း၊ မော်တော်ယာဉ်တွင် တပ်ဆင်သည့် ဖောင်းကြွ နံပါတ်ပြား၌ ယခင်က တိုင်းဒေသကြီး၊ ပြည်နယ်ဒေသ သင်္ကေတ၊ ရောက်ရှိအက္ခရာနှင့်ဂဏန်းများသာပါရှိရာမှ ယခုအခါ တိုင်းဒေသကြီး၊ ပြည်နယ်ဒေသ သင်္ကေတတို့အပြင်မြို့နယ် ကိုယ်စားပြုဂဏန်းဖော်ပြချက်နှင့် မော်တော်ယာဉ်အမျိုးအမည် ဖော်ပြချက်တို့ကို ထပ်တိုးထည့်သွင်း ရိုက်နှိပ်လျက် မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြား ပုံစံအသစ်အား အချိန်တိုအတွင်း မြန်ဆန်စွာရာနှုန်းပြည့် ပြီးစီးစေရေးအတွက် နိုင်ငံပိုင်ဌာနဆိုင်ရာယာဉ်များ၊ အဝေးပြေး ခရီးသည်တင် ယာဉ်များ၊ မြို့တွင်းခရီးသည်တင် ယာဉ်လိုင်းများ၊ တက္ကစီယာဉ်များ၊ ကုန်တင်ယာဉ်များကို မတ်လ ၃၁ ရက်နေ့အပြီး အချိန်မီပြောင်းလဲ တပ်ဆင်ရန်ဖြစ်ပြီး အဆိုပါ မော်တော်ယာဉ်များအား ဖောင်းကြွနံပါတ်ပြားပုံစံအသစ် ပြောင်းလဲတပ်ဆင်မှုရာနှုန်းပြည့်နီးပါး ပြီးစီးပြီဖြစ်၍ လူစီးမော်တော်ယာဉ်များအားလုံး နှစ်လဲသက်တမ်းတိုးချိန် စေ့ရောက်သည်ဖြစ်စေ၊ မစေ့သေးသည်ဖြစ်စေ ဖောင်းကြွနံပါတ်ပြားအသစ်များကို အမြန်ဆုံးပြောင်းလဲ တပ်ဆင်ကြရန် အသိပေး နှိုးဆော်ထားကြောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန နေပြည်တော်ရုံး အနေဖြင့် မတ်လ ၁၅ ရက်နေ့အထိ ဌာနဆိုင်ရာနှင့် ပုဂ္ဂလိက မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြား ပုံစံအသစ်များကို ၇၂ ရာခိုင်နှုန်း လဲလှယ်ပြီးစီးပြီဖြစ်၍ မတ်လ ၃၁ ရက်နေ့အပြီး အချိန်မီပြောင်းလဲတပ်ဆင်ကြရန် လိုအပ်ကြောင်း နေပြည်တော် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ကျော်စွာဟိန်း ဥတ္တရခရိုင်(ပြန်/ဆက်)