ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထဝီဝင်ဘာသာရပ် ဆက်လက်ဖြေဆို

နေပြည်တော် မတ် ၁၇

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယမန်နေ့က ပထဝီဝင်ဘာသာရပ်ကို ဖြေဆိုခဲ့ကြသည်။ ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့်စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ပေးသည်။ 

ရခိုင်ပြည်နယ်၏ မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ပထဝီဝင်ဘာသာရပ်ကို ဖြေဆိုကြရာတွင် ဂွမြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခုတွင် ဖြေဆိုသူ (၂၆၀) ဦး၊ ပျက်ကွက်သူ (၂၅)ဦး ဖြစ်သဖြင့် ဖြေဆိုမှု ၉၁.၂၃ ရာခိုင်နှုန်း၊ ကျောက်တော် မြို့နယ်အတွင်းရှိ စာစစ်ဌာန (၃)ခုတွင် ဇီဝဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၂၈) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၁.၈၅ ရာခိုင်နှုန်း၊ ကျောက်ဖြူမြို့နယ် အတွင်းရှိ စာစစ်ဌာန (၇) ခုတွင် ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၄၆) ဦး၊ ပျက်ကွက်သူ (၇၆) ဦး၊ ကျိန္တလီမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဖြေဆိုသူ (၇၃) ဦး၊ ပျက်ကွက်သူ (၁၀) ဦး၊  မအီမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဖြေဆိုသူ (၃၉) ဦး၊ မာန်အောင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဖြေဆိုသူ (၂၇၂) ဦး၊ ပျက်ကွက် (၄၁)ဦး၊  ​မြောက်ဦးမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဖြေဆိုသူ (၉၄) ဦး၊ ပျက်ကွက် (၉) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၁.၂၆ ရာခိုင်နှုန်း၊ ငပလီမြို့အတွင်းရှိ စာစစ်ဌာန (၁) ခုတွင် ဖြေဆိုသူ (၁၈၀) ဦး၊ ပျက်ကွက် (၁၂) ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၄) ခုတွင် ဖြေဆိုသူ (၈၆၆) ဦး၊ ပျက်ကွက် (၁၀၀) ဦး၊ သံတွဲမြို့အတွင်းရှိ စာစစ်ဌာန(၅)ခုတွင် ဖြေဆိုသူ (၄၅၇)ဦး၊ ပျက်ကွက် (၆၇) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၇ ရာခိုင်နှုန်း၊ တောင်ကုတ်မြို့အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ဖြေဆိုသူ (၂၈) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၀ ရာခိုင်နှုန်း၊ တောင်ပြိုလက်ဝဲမြို့အတွင်းရှိ တောင်ပြိုင်လက်ဝဲစာစစ်ဌာနတွင် ဖြေဆိုသူ (၁၀၇) ဦး၊ ပျက်ကွက် (၉) ဦး ဖြစ်သဖြင့် ဖြေဆိုမှု ၉၂.၂၄ ရာခိုင်နှုန်း၊ ရမ်းဗြဲမြို့အတွင်းရှိ စာစစ်ဌာန(၃)ခုတွင် ဖြေဆိုသူ (၄၄၆)ဦး၊ ပျက်ကွက် (၇၆) ဦးတို့ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် စာစစ်ဌာနစုစုပေါင်း (၆၀) ခုရှိပြီး ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်း နှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှု ပေးလျက်ရှိ ကြောင်း သိရသည်။