မြောက်ဥက္ကလာပ မတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ ယဉ်ကျေးလိမ္မာစေရန်၊ (၃၈) ဖြာ မင်္ဂလာတရားတော်နှင့်အညီ နေထိုင်ပြုမှုတတ်စေရန်ရည်ရွယ်၍ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က(၇)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို အခြေခံပညာကျောင်းများမှ ဆရာမ(၇)ဦးက ဘုရား၊ တရား၊ သံဃာဂုဏ်တော်၊ ငါးပါးသီလတည်ဆောက်ပုံနှင့် ငါးပါးသီလကဗျာများ၊ ဒုစရိုက်(၁၀)ပါး၊ ယဉ်ကျေးမှု၊ ကောင်းဆိုးနှစ်တန် အနှစ်နှင့် အကာ၊ သိင်္ဂါလောဝါဒကဗျာများ၊ ဗုဒ္ဓဝင်အကျဉ်း၊ မဟာဇနကဇာတ်၊ ယဉ်ကျေးလိမ္မာဆုံးမစာသံပေါက်ကဗျာများကို မတ်လ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး အထက်တန်းနှင့် အလယ်တန်း ကျောင်းများတွင်လည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
သင်တန်းဖွင့်လှစ်ရာသို့ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) အသင်းချုပ် ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် YMBA အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)၊ မြို့နယ်ရဲမှူး၊ မြို့နယ်သာသနာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က တက်ရောက်သူ ကျောင်းသား/ ကျောင်းသူများအား ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)