ဗိုလ်တထောင် မတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ် (၄) ရပ်ကွက်၊ (၅၅) လမ်းရှိ အမျိုးသားစီမံခန့်ခွဲရေးကောလိပ် မိုးလုံလေလုံအားကစားခန်းမ၌ ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်က ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေးအတွက် နယကအဖွဲ့၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ အသီးသီးဖွဲ့စည်းတာဝန်ပေးအပ်ထားပါကြောင်း၊ အဖွဲ့ဝင် (၂) ဦးအောင်မိုးကျော်မှ ပထမဦးစွာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး မဏ္ဍပ်ဆောက်လုပ်မည့်နေရာ ရွေးချယ်ထားမှုနှင့် မဏ္ဍပ်ဆောက်လုပ်ရာတွင် လိုအပ်သည့်ပစ္စည်းများကို ရှာဖွေစုဆောင်းထားရှိရန် လိုအပ်ကြောင်း၊ အဖွဲ့ဝင် (၃) ဦးအောင်တင်ရွှေမှ အခမ်းအနားပြင်ဆင်မည့် အခြေအနေများ၊ ရေကို လုံလုံလောက်လောက်သုံးစွဲနိုင်ရေး စီမံထားမှုအခြေအနေများ၊ ကြိုဆိုနေရာချထားရေး၊ ဖိတ်ကြားရေးနှင့် ဧည့်ခံရေးလုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည်များ ပြင်ဆင်ထားကြရန် လိုအပ်ကြောင်း၊ မြို့မိ၊ မြို့ဖလုပ်ငန်းရှင်များမှ ဖျော်ဖြေရေး လုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေး လုပ်ငန်းကော်မတီ၊ သက်ကြီးပူဇော်ပွဲကျင်းပနိုင်ရေး၊ အန္တရာယ် ကင်းရွတ်ဖတ် ပူဇော်ပွဲကျင်းပရေးကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူး ဇော်ဆွေမှ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်ရေး လုပ်ငန်းကော်မတီဖွဲ့စည်းထားမှု အခြေအနေများ စသည်ဖြင့် ကော်မတီအလိုက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ကော်မတီအသီးသီးအလိုက် လိုအပ်သည်များ တင်ပြဆွေးနွေးခဲ့ကြပြီး ဗိုလ်တထောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိတို့တာဝန်ကျသည့် ကော်မတီ အသီးသီး ရှိလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ယခင်နှစ်ကအားနည်းချက် များကိုပြင်ဆင်၍ အားသာချက်များဖြစ်လာအောင် ဌာနဆိုင်ရာတာဝန်ရှိသူများ အားလုံး စည်းစည်းလုံးလုံး တက်တက်ကြွကြွဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးစေလိုကြောင်း နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ပိတ်သိမ်းလိုက်ကြောင်း သိရသည်။
မေနှင်း