ရန်ကင်း မတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးပြီး ၂၀၂၃ ခုနှစ်၊ နွေရာသီအားကစားသင်တန်းများအဖြစ် မြန်မာ့သိုင်းသင်တန်းကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ဘော်လီဘောသင်တန်းကို အမှတ်(၆)ရပ်ကွက်ရှိ ဘော်လီဘောအားကစားကွင်းတို့တွင် ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
အဆိုပါသင်တန်းကို ၂၀၂၃ ခုနှစ် မတ်လ(၁)ရက်နေ့မှ (၃၁)ရက်နေ့အထိ မြန်မာ့သိုင်းသင်တန်းကို ကမ္ဘာဇနန်းဝင်ဆရာဦးမြင့်အောင်က သင်ကြားပေးပြီး ဘော်လီဘောသင်တန်းကို မြန်မာ့လက်ရွေးစင်ဘော်လီဘောကစားသမားဟောင်းနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ် စည်းရုံးရေးအဖွဲ့အမှုဆောင်ဆရာဦးတင်ညွန့်တို့က သင်ကြားပေးခဲ့ကြသည်။
ဆက်လက်၍မြန်မာ့သိုင်းသင်တန်းကို မွန်းတည့် ၁၂:၀၀ နာရီမှ ၂:၃၀ နာရီအထိ သင်ကြားပေးပြီး ဘော်လီဘောသင်တန်းကို ညနေ ၃:၀၀ မှ ၅:၀၀ အထိ သင်ကြားခဲ့ရာ မြန်မာ့သိုင်းသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ(၉၃)ဦး၊ ဘော်လီဘောသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ(၄၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
အိရွှေစင် (ပြန်/ဆက်)