နေပြည်တော် မတ် ၁၇
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယမန်နေ့က ပထဝီဝင်ဘာသာရပ်ကို ဆက်လက်ဖြေဆိုခဲ့ကြသည်။ ဦးစွာစာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးသည်။
မန္တလေးတိုင်းဒေသကြီး မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ပထဝီဝင်ဘာသာရပ်ကို ဖြေဆိုကြရာတွင် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၆၃) ဦး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခုတွင် ဖြေဆိုသူ (၃၅)ဦး၊ မတ္တရာမြို့နယ်အတွင်းရှိ အ.ထ.က(မတ္တရာ) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၈) ဦး၊ မြင်းခြံမြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ဖြေဆိုသူ (၃၉)ဦး၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ဖြေဆိုသူ (၂၆)ဦး၊ နွားထိုးကြီး မြို့နယ်အတွင်းရှိ အ.ထ.က(နွားထိုးကြီး) စာစစ်ဌာနတွင် ဖြေဆိုသူ (၆၂)ဦး၊ ပျက်ကွက် (၁၄)ဦး၊ ပျော်ဘွယ်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၆) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၉၀) ဦး၊ ပျက်ကွက်သူ (၆) ဦး၊ တောင်သာမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၀) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၅၉) ဦးတို့ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးတွင် စာစစ်ဌာန စုစုပေါင်း (၉၇) ခုရှိပြီး ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။