မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အရုပ်ဆက်ပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲကျင်းပ

မိုင်းခုတ် မတ် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ အရုပ်ဆက်ပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက ပြိုင်ပွဲဝင်ကလေးများအား ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး အရုပ်ဆက်ပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲကျင်းပရာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၂)ဉီး ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူတို့က ဂုဏ်ပြုဆုလက်ဆောင်နှင့် ပြိုင်ပွဲဝင်ကလေးများအား အာဟာရဖြည့်မုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ နွေရာသီကျောင်းပိတ်ရက်ရှည်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရရှိကာ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)