နမ့်စန်(တ) မတ် ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အပတ်စဉ် ပုံမှန်စာဖတ်ဝိုင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲ က မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် ပြန်/ဆက်ဦးစီးဌာနမှဝန်ထမ်းများ အခြေခံအင်္ဂလိပ်စာသင်တန်းတက်ရောက်နေသည့် သင်တန်းသား သင်တန်းသူကျောင်းသားလူငယ်များနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဥမ္မာအောင်က စာဖတ်ဝိုင်းများ လစဉ်ပုံမှန်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် စာဖတ်ခြင်း၏ အလေ့အကျင့်ကောင်းများ ရရှိစေရေးတို့ကို ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက စာရေးဆရာ ပါမောက္ခဒေါက်တာအောင်ထွန်းသက်၏ ‘ရည်မှန်းချက်မှသည် အောင်မြင်မှုပန်းတိုင်ဆီသို့’ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းကို စာပေဝါသနာရှင် စာဖတ်သူများတိုးပွားလာစေရန်နှင့် စာဖတ်သူအချင်းချင်း ဗဟုသုတများဖလှယ်နိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ယနေ့စာဖတ်ဝိုင်းဆောင်ရွက်သည့် ‘ရည်မှန်းချက်မှသည် အောင်မြင်မှုပန်းတိုင်ဆီသို့’ စာအုပ်တွင် ပြောင်းလဲလာသောခေတ်သစ်စနစ်သစ်၌ လူငယ်များအနေဖြင့် အရည်အချင်းပြည့်ဝစေရန်များစွာလိုအပ်၍ လူငယ်တိုင်း မိမိနိုင်ငံတိုးတက်ဖို့ လေ့လာမှု၊ ကြိုးစားမှုဝိရိယ၊ ဇွဲရှိဖို့လိုအပ်ကြောင်းရေးသားထားပြီး လူငယ်များဖတ်ရှုသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်ထံမှ သိရသည်။
သူရအောင်(ပြန်/ဆက်)