ရပ်စောက် မတ် ၁၇
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရပ်စောက်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွေရာသီအခြေခံအားကစားသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၁၅ ရက်နေ့ညနေပိုင်းက မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်အားကစားမှူး ဦးမြတ်သူက အမျိုးသားအားကစား အဆင့်အတန်းတိုးတက်မြင့်မားရေးနှင့် အောင်မြင်မှုများ ယခုထက်ပိုမိုရရှိစေရန်အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားမာန်အပြည့်ရှိပြီး ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားလူငယ်များ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရေး၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အခြေခံအားကစားသင်တန်းများကို တက်ရောက်ခြင်းဖြင့် အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အားကစားသင်တန်းနည်းပြဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုငွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများကိုလည်းကောင်း၊ တက်ရောက်ခဲ့ကြသည့် သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များနှင့် အားကစားအင်္ကျီများကို မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
နွေရာသီအခြေခံအားကစားသင်တန်းကို ဘောလုံး၊ မြန်မာ့သိုင်း၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်၊ အေရိုးဗစ်( Myanmar Fitness Dance)အားကစားနည်း(၅)မျိုးဖြင့် ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ သင်တန်းကနေ အသက်အရွယ်၊ အရပ်အမောင်း၊ အားကစားနည်းအပေါ် စိတ်ပါဝင်စားမှု၊ အခြေခံနည်းစနစ်ကျွမ်းကျင်မှု၊ ကြိုးစားအားထုတ်မှုရှိသော လူငယ်မောင်မယ်အားကစားသမားများကိုလည်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(တောင်ကြီး)သို့ တက်ရောက်နိုင်ရေးစီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူးထံမှသိရသည်။
ဆုမွန်(ရပ်စောက်)