မိုင်းယန်း မတ် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မြို့ယန်းမြို့နယ်အတွင်းရှိ ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉပဒေအသိပညာပေးဟောပြောပွဲကို မတ် ၁၅ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးသူက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉပဒေအသိပညာပေးဟောပြောပွဲနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။ ထို့နောက် မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးမင်းလတ်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့်ပတ်သတ်သည့် ပြစ်မှု၊ ပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီအတွင်းရေးမှူး၊ မြို့နယ်လူမူဝန်ထမ်းဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းစိုးက လူမူဝန်ထမ်းဦးစီးဌာနမှ လူမူဝန်ထမ်းမူဝါဒနှင့် ကလေးသူငယ်များနှင့်ပတ်သက်ပြီး ဉပဒေများ၊ ရသင့်ရထိုက်တဲ့အခွင့်အရေးများကိုလည်းကောင်း၊ မြို့နယ်ဉပဒေအရာရှိ ဦးပိုင်စိုးဦးက ကလေးသူငယ်များ၏ အခွင့်အရေးဆုံးရှုံးနစ်နာမှုဆိုင်ရာ အကြောင်းရင်းများ၊ ကလေးသူငယ်များအပေါ် မတရားညင်းပန်းနှိပ်စက်မှု၊ အဓမ္မခိုင်းစေမှုနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာချမှတ်နိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်၊ ငွေဒဏ်များ စသည့်အကြောင်းအရာများဖြင့် အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်မှ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားရရှိစေရန်နှင့် ငှားရမ်းဖတ်ရှုနိုင်စေရန်အတွက် သုတ၊ ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး