လှည်းကူး အောက်တိုဘာ ၁
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံး (ကိုကိုးကျွန်း မြို့နယ်မပါ)တွင် နေထိုင်သူများအနေဖြင့် Stay at Home အဖြစ် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို ထိထိရောက်ရောက် လိုက်နာစေရန် ရည်ရွယ်၍ ယနေ့ နံနက်(၉)နာရီက နယ်မြေကျော်သွားလာခြင်းမရှိစေရန် စစ်ဆေးခြင်းကို ရန်ကုန်မြောက်ပိုင်း ခရိုင် လှည်းကူးမြို့နယ် ကျွန်းကလေးတိုးဂိတ်နှင့် အ.ထ.က(လှည်းကူး)ကျောင်းရှေ့တို့တွင် ပူးပေါင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ Stay at Home ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်စေရန် လှည်းကူးမြို့နယ်အတွင်း မြို့ဝင်/ထွက် နေရာတစ်ခုဖြစ်သည့် ကျွန်းကလေးတိုးဂိတ်နှင့် အ.ထ.က(လှည်းကူး)ကျောင်းရှေ့နေရာတို့တွင် ဖြတ်သန်းသွားလာနေကြသည့် အရေးပေါ်ယာဉ်များနှင့် ကုန်တင်ယာဉ်များမှလွဲ၍ အခြားယာဉ်များကို မလိုအပ်ဘဲ နယ်မြေကျော်သွားလာခြင်းမရှိစေရန် စစ်ဆေးမေးမြန်းပြီး မဖြစ်မနေ နယ်မြေကျော်သွားရောက်ရန် လိုအပ်ပါက ထောက်ခံချက်များပါရှိရန် စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)