နေပြည်တော် မတ် ၁၆
နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်တို့၏ ဝန်ထမ်းမိသားစုများမှ စုပေါင်းလှူဒါန်းသော ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မစိုးရိမ်တိုက်သစ် ပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။
အခမ်းအနားသို့ မစိုးရိမ်တိုက်သစ် ပရိယတ္တိစာသင်တိုက် စာချနာယကဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကာရုည မထေရ်မြတ်အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။
ရှေးဦးစွာ မစိုးရိမ်တိုက်သစ် ပရိယတ္တိစာသင်တိုက် စာချနာယကဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကာရုည မထေရ်မြတ်ထံမှ နေပြည် တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော်ကို နာယူကြည်ညိုကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က မစိုးရိမ်တိုက်သစ် ပရိယတ္တိစာသင်တိုက် စာချနာယကဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကာရုည မထေရ်မြတ်ထံ ဆွမ်းဆန်တော်များကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် မစိုးရိမ်တိုက်သစ် ပရိယတ္တိစာသင်တိုက် စာချနာယကဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကာရုည မထေရ်မြတ်ထံမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်အမှူးပြုသော ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်တို့၏ ဝန်ထမ်းမိသားစုများမှ စုပေါင်းလှူဒါန်းသော ဆွမ်းဆန်တော်များကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင် ၁၄ ကျောင်းမှ ရဟန်း၊ သာမဏေ ၁၈၄၁ ပါးအတွက် ဆွမ်းဆန်တော် စုစုပေါင်း ၁၈၇ အိတ်ကို သက်ဆိုင်ရာမြို့နယ်များအလိုက် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)