ကျောက်ပန်းတောင်းမြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများ ဆင်းပွဲကျင်းပ

ကျောက်ပန်းတောင်း မတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေး ဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့်၊ ၂၀၂၃ခုနှစ် နွေရာသီအားကစားသင်တန်းများဆင်းပွဲကို၊ ယမန်နေ့ မွန်းလွဲ (၃:၃၀)နာရီက ဈေးကွက်သစ်ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်း အမျိုးအစား(၅)မျိုးကို (၂၂-၂-၂၀၂၃)ရက်နေ့မှ(၁၄-၃-၂၀၂၃)ရက်နေ့အထိ ရက်သတ္တပတ် (၃)ပတ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး၊ အခမ်းအနားတွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌကိုယ်စား ညောင်ဦးခရိုင် အားကစားနှင့်ကာယ ပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ညိုညိုထွေး သင်တန်းဆင်း ဂုဏ်ပြုအမှာစကား ပြောကြားပြီး၊ သင်တန်းဆင်းအားကစားအဖွဲ့များဖြစ်သည့် ဝူရှူးအား ကစားအဖွဲ့နှင့် Physical Fitness Dance အဖွဲ့များက သရုပ်ပြကစားကြသည်။ ယင်းနောက် ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ညိုညိုထွေး၊ ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမှူး ဒေါ်မော်မော်နှင့် ဌာနဆိုင်ရာများက ဘောလုံးအားကစားနည်း၊ မြန်မာ့သိုင်း၊ Physical Fitness Dance၊ ဝူရှူးနှင့် မြန်မာ့ရိုးရာခြင်းလုံးခတ်သင်တန်း ဆင်းပွဲလက်မှတ်များကို ပေးအပ်ကြရာ၊ သင်တန်းအလိုက် သင်တန်းသား ကိုယ်စားလှယ်များက လက်ခံရယူကြပြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အားကစား သင်တန်းသားများ အမှတ်တရ ဓာတ်ပုံရိုက်ကူးကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ ညောင်ဦးခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ညိုညိုထွေးနှင့် မြို့နယ်အားကစားမှူး၊ ကျောက်ပန်းတောင်းမြို့နယ်ပညာရေးမှူးနှင့်ဌာနဆိုရာများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်တာဝန်ခံ နည်းစနစ်မှူး ဒေါ်ဝင်းမင်းသန်းနှင့် ဝန်ထမ်းများ၊ သင်တန်းသား အားကစားမောင်မယ်များနှင့် မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)