ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးကြိုသီးနှံစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေး

ပျဉ်းမနား မတ် ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးကြိုသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိရာ ယနေ့နေ့လယ်ပိုင်းက ကျွန်းဦးအုပ်စု အတွင်းရှိ တောင်သူများအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ချေးငွေလာရောက်ထုတ်ယူကြသည့် တောင်သူများအား ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်နန့်တင်စန်းက စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်း ဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး ငွေထုတ်ပေးခြင်းလုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက်  ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“ပျဉ်းမနားမြို့နယ်အတွင်းရှိ လယ်ယာလုပ်ငန်းခွင်သို့ဝင်ကြမည့်  တောင်သူများအတွက် အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန်နှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အချိန်စေ့ရောက်ချေးငွေ ပြေကြေသူများကို မိုးကြိုသီးနှံစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ယနေ့တွင် ကျွန်းဦးအုပ်စုအတွင်းရှိ တောင်သူ (၂၀) ဦးအတွက် ချေးငွေကျပ် ၆၄၀၀၀၀၀/- ထုတ်ချေးပေးခဲ့ပြီး ဆက်လက်၍ ကျေးရွာအုပ်စုများ အလိုက်လည်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း” မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်နန့်တင်စန်းထံမှ သိရသည်။

မျိုးသီဟ(ပြန်/ဆက်)