ပူတာအို မတ် ၁၆
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ၂၀၂၃-ခုနှစ် မတ်(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့ နေ့လည် (၁၂)နာရီက ပူတာအို မြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ဖြန့်ဝေသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ၂၇.၃.၂၀၂၂ရက်နေ့ (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ၂၃.၃.၂၀၂၂ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ ဖိုးလေးလုံးသောင်းကိုကို ရေစပ်ထားသည့် ပြည်သူချစ်တဲ့တပ်မတော် ကဗျာ၊ (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း ၁၃.၇.၁၉၄၇ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသောပြည်သူ့ အစည်းအဝေး၌ ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ တပ်မတော်၏အား (၁၀)ပါး၊ တပ်မတော်နေ့နှင့် သက်ဆိုင်သည့် ဆောင်ပုဒ်များ၊ ကာတွန်း၊ ဆောင်းပါးများ ထည့်သွင်းဖော်ပြပါကြောင်း သိရသည်။
ယင်း သတင်းစကား လက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်ရှိ အ.ထ.က(ပူတာအို)ကျောင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထဝီဝင် ဘာသာရပ်ဖြေဆိုနေကြသည့် ကျောင်းသူ၊ ကျောင်းသားများ စာမေးပွဲဖြေဆိုအပြီး အထွက်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ပေးပို့လာသော သတင်းစကား လက်ကမ်းစာစောင် (၇၆၅)စောင်ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)