ဟိုပန် မတ် ၁၆
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။
ရှေးဦးစွာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က ပန်လုံရွှေကျင်ထုရေ သွယ်ခြင်းလုပ်ငန်းကို ရန်ပုံငွေထပ်မံခွင့်ပြု ပေးသည့်အတွက် လုပ်ငန်းဆောင်ရွက်ရာတွင် တာဝန်ရှိသူများက စနစ်တကျကြပ်မတ်ဆောင်ရွက်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် အညီဖြစ်စေရေး စီမံအုပ်ချုပ်ရေးအဖွဲ့က ကြပ်မတ်ဆောင်ရွက်သွားရန်၊ (၇၈)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် အားကစားပြိုုင်ပွဲများ ကျင်းပနိုင်ရေးစီစဉ်ဆောင်ရွက်ရန်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရန် ပြောကြားခဲ့ပါသည်။
ထို့နောက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့်ဌာနဆိုင်ရာများက တပ်မတော်နေ့ အထိမ်းအမှတ်အားကစား ပြိုင်ပွဲကျင်းပရေး၊ မဟာသင်္ကြန်ပွဲတော် ကျင်းပရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာဥက္ကဋ္ဌက ညှိနှိုင်းပေါင်းစပ်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်