ပြင်ဦးလွင်မြို့၌ (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပြင်ဦးလွင်     မတ်   ၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်တွင် ၂၀၂၃ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့မွန်းလွဲ ၁၂ နာရီက ပြင်ဦးလွင်မြို့ အမှတ် (၁) နှင့် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် သစ်တောသင်တန်းကျောင်းမှ သင်တန်းသားများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၃  ခုနှစ်၊ (၇၈) နှစ်မြောက် တပ်မတော်နေ့  ဦးတည်ချက်များ၊ တပ်မတော်၏ အား (၁၀) ပါး၊  ဗိုလ်ချုပ်အောင်ဆန်း ၁၃-၇-၁၉၄၇ ရက်နေ့တွင် မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ပြောကြားသော မိန့်ခွန်း ကောက်နုတ်ချက်၊ အမျိုးသားနိုင်ငံရေးတာဝန်များ ထမ်းဆောင်ခဲ့သည့် အကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၇-၃-၂၀၂၂ ရက်နေ့ (၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း ကောက်နုတ်ချက်၊ “နိုင်ငံတော်နှင့်နိုင်ငံသားများအကျိုးစီးပွါးကို ဦးလည်မသုန် ထမ်းရွက်ခဲ့” ဆောင်းပါး၊ ဖိုလေးလုံးသောင်းကိုကို ရေးသားသည့် “ပြည်သူချစ်တဲ့ တပ်မတော်” ကဗျာ၊ တပ်မတော်နေ့အထိမ်း အမှတ် ကာတွန်းနှင့် ဆောင်ပုဒ် စသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

ပြင်ဦးလွင်ခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန အနေဖြင့် ကျောင်းသား/ ကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာ ဗဟုသုတများ ရရှိစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်သတိရစေရန်အတွက် နေ့ထူးနေ့မြတ်များတွင် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များအား အခမဲ့ ဖြန့်ဝေခြင်း၊ စာအုပ်စာစောင်များအား အခမဲ့ ငှားရမ်းပေးခြင်း၊ နံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ စာအုပ်ပြပွဲများ ပြသပေးခြင်း တို့အား ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ဖြူလူသစ် ၊ ခရိုင် (ပြန်/ ဆက်)