မိုးညှင်းမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မိုးညှင်း မတ် ၁၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီခွဲက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း မြတ်သရဖူခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဆွေက အဖွင့်အမှာစကားပြောကြားပြီး အထက်တန်းကျောင်းခွဲ(နားခါ)မှ အထက်တန်းပြဆရာမ ဒေါ်ဥမ္မာဝင်းမြင့်မှ “တပ်မတော်နေ့ အကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ထို့နောက် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲအား ဆက်လက် ကျင်းပရာ "တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်" ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ(၁၈)ဦးနှင့် "အစဉ်အလာကောင်းသည့် တပ်မတော်" ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၂၈)ဦး စုစုပေါင်းကျောင်းသားကျောင်းသူ (၄၆)ဦးတို့က အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာဆရာမများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ထိုစာစီစာကုံးပြိုင်ပွဲတွင် ဆုများရရှိကြသည့် ကျောင်းသားကျောင်းသူများကို မတ်လ (၁၈)ရက်နေ့တွင် ဆုများအသီးသီး ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

ရွှေမိုးညှင်း