နွားထိုးကြီးမြို့နယ်ရဲတပ်ဖွဲ့ အထူးရဲသင်တန်းဖွင့်လှစ်

နွားထိုးကြီး အောက်တိုဘာ ၁

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ‌ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရွေးကောက်ပွဲ လုပ်ငန်းစဉ် များ ဆောင်ရွက်သည့်ကာလအတွင်း လုံခြုံရေးလုပ်ငန်းများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန် အထူးရဲများခန့်အပ်ခြင်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက နွားထိုးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အောင်သူရိန်ခန်းမ၌ ပြုလုပ်ကျင်းပ ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နွားထိုးကြီးမြို့နယ် ရဲတပ်ဖွဲ့၊ ရဲမှူး အောင်ဇော်မိုးမှ အထူးရဲများခန့်အပ်ပေးနိုင် သည့် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များနှင့်အညီ အဖွဲ့များဖွဲ့စည်းရွေးချယ်မှုစနစ်၊ အရည်အချင်း သက်မှတ်ချက် လုပ်ငန်းတာဝန်များ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတာဝန်များနှင့် ကျင့်ဝတ်၊ လေ့ကျင့်သင်ကြား ပေးမည့်အစီအစဉ်များ၊ နိုင်ငံတော်မှ လစာနှင့်ရိက္ခာ၊ ရဲဝတ်တန်ဆာ ပစ္စည်းများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်အတူ လုံခြုံရေးဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

အထူးရဲများကို လုပ်ငန်းတာဝန်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများ သိရှိနားလည်ပြီး ကျွမ်းကျင်မှုရှိရန် အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ လေ့ကျင့်ပေး မည်ဖြစ်သည်။ နွားထိုးကြီးမြို့နယ်တွင် မဲရုံ ၂၂၀ ရုံရှိပြီး အထူးရဲများကိုလည်း ၂၂၀ ဦး ခန့်ထားကြောင်း သိရသည်။

သန်းအောင်ဇော်