မချမ်းဘော့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများ ကျင်းပ

မချမ်းဘော့ မတ် ၁၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာဖတ်စွမ်းရည်မြင့်မားလာစေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာတွင် "သားတို့သမီးတို့ကို ယခုလိုစာဖတ်စွမ်းရည်ပြိုင်ပွဲ တွေပြုလုပ်ပေးခြင်းဟာ သားတို့သမီးတို့ရဲ့ ကျောင်းစာသာမကဘဲ ပြင်ပဗဟုသုတဖြစ်ဖွယ်စာအုပ်တွေကိုလည်း လေ့လာဖတ်ရှုမှုစွမ်းရည်တွေမြင့်မားအောင်၊ ဖတ်မှတ်စွမ်းရည်တွေ တိုးတက်လာအောင် လေ့ကျင့်ပေးခြင်းဖြစ်ကြောင်း" ထည့်သွင်းပြောကြားသည်။ ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပရာ စာဖတ်ပရိတ်သတ် မောင်လွန်းဆားရ်က “ကြွက်မလေးမိသားစုပုံပြင်” ခေါင်းစဥ်ပါစာအုပ်ဖြင့် လည်းကောင်း၊ မမိုးမြင့်စံက “ငါးပူတင်းလေး” ခေါင်းစဥ်ပါစာအုပ်ဖြင့်လည်းကောင်း၊ မောင်နိုင်ဖြိုးလင်းက “သူငယ်ချင်းမိသားစု” ခေါင်းစဥ်ပါစာအုပ်ဖြင့်လည်းကောင်း၊ မောင်ထင်အောင်နိုင်က “မိတ်ဆွေသုံးဦး” ခေါင်းစဥ်ပါစာအုပ်ဖြင့်လည်းကောင်း၊ မဒူးမာဆာက “တစိမ်းတွေကိုသတိထား” ခေါင်းစဥ်ပါစာအုပ်ဖြင့်လည်းကောင်း၊ မဌေးဧကရီကျော်က “ရေချိုးတော့မယ်” ခေါင်းစဥ်ပါ စာအုပ်ဖြင့်လည်းကောင်း ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ဂိမ်းကစားပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အုပ်စု(၄)စုခွဲ၍ ယှဥ်ပြိုင် ကစားခဲ့ကြကြောင်းသိရသည်။

အဆိုပါစာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲသို့ မချမ်းဘော့မြို့နယ် ပြည်သူ့စာကြည့်တိုက် စာဖတ်ပရိတ်သတ် ကျောင်းသားကျောင်းသူ  ၂၀ ဦးတို့က ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထန်းများက ဆုလက်ဆောင်များ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော့)