သုံးခွ မတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် အများပြည်သူများ သုံးစွဲရန်မသင့်သော ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေမှု ရှိ/မရှိ အား သုံးခွမြို့ပေါ်ရှိ ဆေးဆိုင်များတွင် ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ၏ ထောက်ခံချက်မရှိဘဲ အများပြည်သူများ သုံးစွဲရန်မသင့်သော ဆေးဝါးများရောင်းချမှု ရှိ/မရှိ နှင့် ဆေးဝါးသက်တမ်းကုန်ဆုံးရက် ရောက်ရှိကျော်လွန်နေသော ဆေးဝါးများ ရောင်းချခြင်း၊ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများရောင်းချခြင်း၊ တရားမ၀င် တင်သွင်းသောဆေးဝါးများ ရောင်းချခြင်းများ ရှိ/မရှိ ကို ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
ဂျာမနီနိုင်ငံထုတ် pabrinex IV/HV Injection အကြောအားဆေးအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး (FDA) ၏ ထောက်ခံချက်နှင့်အညီ တရား၀င်တင်သွင်းရောင်း ချလျက်ရှိပါကြောင်း၊ ယခုအခါ ဈေးကွက်အတွင်း အဆိုပါဆေးနှင့် Composition & Strength တူ၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြု DRC နံပါတ်မပါရှိသည့် Parbisure ဆေးရောင်းချနေမှု ရှိ၊ မရှိအား ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း မြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းမော်က ပြောကြားခဲ့သည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
စည်သူလင်း