ကျိုင်းတုံ မတ် ၁၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ကျိုင်းတုံ)မှ ဖွင့်လှစ်သည့် မူးယစ်ဆေးဖြတ်ပြီးသူများ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲကို မတ် ၁၆ ရက်က ပန်ကွဲတောင်ကျေးရွာတွင် ကျင်းပသည်။
ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်က သင်တန်းဆင်း အမှာစကားပြောကြားပြီး ဒေသခံတစ်ဦးနှင့် သင်တန်းသားတစ်ဦးတို့က ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်တို့က သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းတွင် ထူးချွန်သည့် သင်တန်းသားများအား ထူးချွန်ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပြီး သင်တန်းသားများမှ တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား ၃၀ ဦး တက်ရောက်ပြီး ဖော်ဖော်ဝါရီလ ၁၄ ရက်မှ မတ်လ ၁၆ ရက်အထိ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ ကိုယ်လက်ကြံ့ခိုင်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ လူမှုအသိုင်းဝိုင်အတွင်း ပြန်လည်ဝင်ဆံနိုင်ရေးအတွက် ပြင်ဆင်ပေးခြင်းနှင့် ဒေသနှင့်ကိုက်ညီသည့် အသက်မွေးဝမ်း ကျောင်း ပညာရပ်များ သင်ကြားပေးပို့ချပေးခဲ့ပြီး သင်တန်းပြီးဆုံးပါက သင်တန်းသားများ မူးယစ်ဆေးဝါး ပြန်လည်မသုံးစွဲစေရေး နောက်ဆက်တွဲစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)