လှည်းကူးမြို့နယ်၌ မျက်စိရောဂါ ဝေဒနာရှင်များအား အခမဲ့ဆေးကုသမှုဆောင်ရွက်ပေး

လှည်းကူး မတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်အတွင်းရှိ မျက်စိရောဂါဝေဒနာရှင်ပြည်သူများအား ရန်ကုန်မျက်စိရောဂါ အထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် မျက်စိအထူးကုဆရာဝန်ကြီးများ၊ မျက်စိကျွမ်းကျင်ပညာရှင်များအဖွဲ့တို့က မတ်လ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့နံနက် ၉ နာရီမှစ၍ အခမဲ့ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆေးကုသပေးရာတွင် ရန်ကုန်မျက်စိရောဂါအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးဆောင်သည့်အဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ မျက်စိရောဂါဝေဒနာ ခံစားနေရသည့်ပြည်သူများအား ခွဲစိတ်ကုသရန် လိုအပ်သော လူနာများ၊ ရန်ကုန်မျက်စိဆေးရုံသို့ သွားရောက်ပြသရမည့်လူနာများ၊ မျက်မှန်တပ်ဆင်ပေးခဲ့သည့် လူနာများ၊ မျက်စဉ်းခပ်ဆေးတိုက်ပေးရသည့် လူနာများ၊ စုစုပေါင်း (၄၉၀) ဦးတို့အား စစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဆေးကုသပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)