ကျောက်တော် မတ် ၁၆
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ခရိုင်၊ ကျောက်တော်မြို့၌ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံလူငယ်များအား နွေရာသီ ကျောင်းပိတ်ရက် ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ နွေရာသီ ကရာတေးဒို အားကစားသင်တန်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ စတင်ကာ မြို့နယ်အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမအတွင်း၌ ဖွင့်လှစ်ပြသရှိကြောင်း သိရသည်။
အဆိုပါ နွေရာသီ ကရာတေးဒိုသင်တန်းတွင် မြို့နယ်အားကစားနှင့်ကာလပညာဦးစီးဌာနမှ ကြီးမှူး၍ HIKARI SHOTOKAN ကရာတေးဒိုအသင်း သင်တန်းနည်းပြဆရာ ဦးရွှေထွန်းမြနှင့် ဆရာဦးမောင်းအေးသာတို့က သင်တန်းဆရာများအဖြစ် ပြုလုပ်၍ ကျောက်တော်မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံလူငယ်များကို အားကစားနည်းတစ်ခုဖြစ်သော ကရာတေးဒိုသင်တန်းကို ဖွင့်လှစ်ပြသလျက်ရှိ၍ တက်ရောက်လာကြသော ကရာတေးဒို အားကစားမောင်မယ်များက စိတ်ပါဝင်စားစွာ လေ့လာသင်ယူလျက်ရှိကြပြီး သင်တန်းကာလကိုလည်း ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ တစ်လ အခမဲ့ ဖွင့်လှစ်ပြသလျက်ရှိကြောင်း မြို့နယ်အားကာမှူး ဦးတင်လှိုင် ထံမှသိရသည်။
ခင်မောင်ထွန်း