ပျော်ဘွယ် မတ် ၁၆
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကို မတ်လ(၁၆)ရက်၊ နံနက်(၉)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူ က လူငယ်များအနေဖြင့် အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် စာအုပ်စာပေများကို အားလပ်သည့်အချိန်များတွင် ဖတ်ရှုရန်လိုအပ်ပါကြောင်း၊ ဉာဏ်ပညာဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အစဉ်လေ့လာသင်ယူနေရမည့် အကြောင်းအရာများ စသည်တို့ကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် လူငယ်များက မြို့နယ်ရုံးတွင် ပြသထားသည့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးစာအုပ်စာစောင်များကို လေ့လာကြည့်ရှု ငှားရမ်းခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)