တံတားဦးမြို့နယ်တွင်း ဆောင်းသီးနှံကုလားပဲများ ရိတ်သိမ်း

တံတားဦး မတ် ၁၆

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဒေသခံတောင်သူများ ဆောင်းသီးနှံကုလားပဲများ စတင်ရိတ်သိမ်းနေ၍ ဈေးကောင်း ရရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် ဆောင်းသီးနှံကုလားပဲကို ယာမြေများနှင့် လယ်မြေများ၌ သီးထပ်သီးညှပ်အဖြစ်ဖြင့်လည်းကောင်း၊ သီးသန့်အဖြစ်လည်းကောင်း စိုက်ပျိုဆောင်ရွက်ကြပြီး ကုလားပဲပျိုးများ စိုက်ပျိုးရာတွင် တောင်သူများအနေဖြင့် သွင်းအားစု အနည်းငယ်ထည့်ပြီး အသုံးပြုကြသည်။ ကုလားပဲများကို စိုက်ပျိုးချိန်တွင် တစ်ဧကလျှင် ကုလားပဲတစ်တင်းခွဲ ခန့်ပတ်ကြဲခြင်း၊ အတန်းလိုက်လျှင် တစ်တင်းသာကို ထွန်ယက်စိုက်ပျိုးကြပြီး သီးညှပ်အဖြစ် နေကြာမျိုးများကို ရောနှောစိုက်ပျိုးကြသည်။ ကုလားပဲများစိုက်ပျိုးရာတွင် ပိုးသတ်ဆေးနှင့် အပွင့်အားဆေးတို့ကို အသုံးပြုစိုက်ပျိုးကြရာ ကုလားပဲတစ်ဧကလျှင် ယာမြေ၌နှစ်စဉ် (၁၀)တင်းမှ (၁၅)တင်းခန့်ထွက်ရှိကြောင်း၊ လယ်မြေတစ်ဧကလျှင်(၂၀)တင်းမှ(၃၀)တင်း ထွက်ရှိကြောင်း ကုလားပဲ စိုက်တောင်သူများ အနေဖြင့် ယခုနှစ်ဆောင်းသီးနှံ ကုလားပဲစိုက်ပျိုးရာတွင် မိုးနှောင်းကာလ၌ မြေအစိုဓာတ်နည်းခြင်း၊ ဆောင်းဦးကာလနှင်းကျမှုမရှိခြင်းတို့ကြောင့် ကုလားပဲပင်များ အပင်ပေါက်မစုံခြင်းများဖြစ်ပေါ်ရာ ယခုနှစ် ကုလားပဲသီးနှံ ထွက်နှုန်း ကျဆင်းခဲ့သော်လည်း ဈေးပိုမိုရရှိကြောင်း၊  လက်ရှိကုလားပဲ ဈေးနှုန်းမှာ ကုလားပဲအလုံးသေး တစ်တင်းလျှင် (၆၃၀၀၀)ကျပ်၊ ကုလားပဲဝါ တစ်တင်းလျှင်(၆၅၀၀၀)ကျပ်၊ ကုလားပဲအဖြူ တစ်တင်းလျှင်(၆၇၅၀၀)ကျပ် အထိရောင်းချနေရပြီး၊  ယခင်နှစ်ထက်ကုလားပဲတစ်တင်းလျှင် (၂၅၀၀၀)ကျပ်အထိ ဈေးပိုမိုရရှိကြောင်း တံတားဦးမြို့နယ် ကူးတိုးဆိပ်ကျေးရွာ ကုလားပဲစိုက်တောင်သူ ဦးကျော်ထံမှ သိရသည်။

ဦးရဲတင့်(ပြန်/ဆက်)