လဲချားတွင် အသက်(၁)နှစ်ခွဲအောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေး

လဲချား မတ် ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့သည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးရာတွင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများမှ အသက်(၁)နှစ်ခွဲအောက် ကလေးများကို ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန် အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင်(ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး စသည့် ပုံမှန်ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးခဲ့သည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ရာတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း လဲချားမြို့ပေါ် ရပ်ကွက်များရှိ ကလေးငယ်များအား စနစ်တကျ ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ပုံမှန်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လဲချား(မြို့နယ်၊ ပြန်/ဆက်)