မိုင်းခုတ်မြို့၌ ကြက်သွန်ဖြူများ စတင်ရိတ်သိမ်းနေပြီဖြစ်ရာ တောင်သူများ ဈေးကောင်းရရှိရန် မျှော်လင့်

မိုင်းခုတ် မတ် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုသာ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအဖြစ် အားထားလုပ်ကိုင်လျက်ရှိရာ ယခုအခါ လယ်မြေအတွင်း မိုးစပါးရိတ်သိမ်းပြီးချိန်၌ စိုက်ပျိုးသော ကြက်သွန်ဖြူများ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။

ကြက်သွန်ဖြူများ စိုက်ပျိုးရာတွင် လယ်မြေအား ထွန်ယက်ကာ နှစ်ရက်ခန့် ရေသွင်းရပြီး စိုက်ပျိုးချိန် တွင် ရေပြန်လည်ထုတ်ရကြောင်း၊ ထို့နောက် အကွာအဝေး ငါးလက်မလျှင် တွင်းငယ်တစ်တွင်း စီတူး၍ ကြက်သွန်တက်တစ်တက်စီအား ထည့်သွင်းကာ မြေဖုံးစိုက်ပျိုးကြောင်း၊ ရေသွင်းရကြောင်း၊ အပင်အတက် လေးများ ထွက်လာပါက ဓာတ်မြေဩဇာအဖြစ် နွားချေးများထည့်ကာ အပေါ်တွင် ကောက်ရိုးခြောက်များ ဖြန့်အုပ်ပေးရကြောင်း၊ ပေါင်းမြက်များ ထွက်လာပါက နှုတ်ပေးရကြောင်း၊ စိုက်ပျိုးပြီး လေးလခန့်အကြာတွင် ရိတ်သိမ်းကြောင်း၊ ရိတ်သိမ်းပြီးချိန်တွင် ကြက်သွန်ပင်များအား သင့်လျော်ရာစီးကာ ဝါးလုံးတန်းတွင် ကြက်သွန်များခြောက်သွားစေရန် ချိတ်ထားရကြောင်း၊ ရောင်းချရာတွင် မိမိဒေသတွင်းသာမက မိုင်းဆတ်မြို့နှင့် ကျိုင်းတုံမြို့များသို့လည်း တင်ပို့ ရောင်းချရကြောင်း ကြက်သွန်စိုက်တောင်သူ ဉီးစိုင်းစီခမ်းက ပြောသည်။

မိုင်းခုတ်မြို့တွင် ယခင်နှစ်က ကြက်သွန်ဖြူတစ်ပိဿာလျှင် နှစ်ထောင်ကျပ်ခန့်သာရှိခဲ့ပြီး ယခုအခါ ကြက်သွန်ဖြူတစ်ပိဿာလျှင် ငါးထောင်ကျပ်ခန့် ဈေးတက်သွားခဲ့သဖြင့် ယခုနှစ် ကြက်သွန်ဖြူ ရိတ်သိမ်းချိန်၌  ကြက်သွန်စိုက် တောင်သူများ ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။  

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)