ကျိုက်ထိုမြို့နယ်၌ နွေရာသီ မြန်မာ့ရိုးရာ အ‌ခြေခံခြင်းလုံးခတ်နည်း သင်တန်း ဖွင့်လှစ်

ကျိုက်ထို မတ် ၁၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ‌ နွေရာသီမြန်မာ့ရိုးရာအခြေခံ ခြင်းလုံးခတ်နည်းသင်တန်းကို ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က လူငယ်များ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာအသုံးချပြီး အားကစားဖြင့် ကာယဉာဏစွမ်းရည် ဘက်စုံဖွံ့ဖြိုးတိုးတက်ကာ အနာဂတ်၌နိုင်ငံ့သားကောင်းများဖြစ်လာစေရေး အမှာစကား ပြောကြားသည်။

ယင်းနောက် မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနမှူး ဦးရန်နိုင်အောင်က ကျိုက်ထိုမြို့နယ်အတွင်း လူငယ်များဘက်စုံဖွံ့ဖြိုးရေး နွေရာသီအားစားသင်တန်း ဖွင့်လှစ်ပေးနေမှုများကို ရှင်းလင်းပြောကြားပြီးခြင်းလုံးနည်းပြ ဦးသူရိန်က အခြေခံမြန်မာ့ ခြင်းလုံးပညာများဖြစ်သည့် ရှေ့ခြေဖျား၊ ရှေ့ခြေခွင်၊ ရှေ့ဒူး၊ ဘေးဖဝါး၊ ဘေးဖနောင့်၊ ဘေးဖမျက် အခြေခံအထိ ခြောက်ချက်တို့ကို စနစ်တကျ အခမဲ့သင်ကြားပေးသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းသို့ ကျောင်းသား ကျောင်းသူ လူငယ် (၂၅) ဦးတို့တက်ရောက်ကြပြီး သင်တန်းကာလမှာမတ်လ (၁၅) ရက်နေ့မှ (၂၄) ရက်နေ့အထိ (၁၀) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)