ရန်ကုန် အောက်တိုဘာ ၁
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း မြို့နယ် အတွင်းရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းများတွင် Quarantine ဝင်နေသူများအား နေ့စဉ် အာဟာရ ချက်ပြုတ်ကျွေးမွေးလှူဒါန်းနိုင်ရန်အတွက် ရည်ရွယ်၍ မိမိတို့၏ ဝန်ထမ်း လစာငွေများကို စုပေါင်း၍ Save လူမှုညီရေးပရဟိတ အသင်းသို့ ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့၌ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့ လှူဒါန်းရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး မှ ငွေကျပ် ၃၁၁၀၀၀၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး မှ ငွေကျပ် ၂၈၁၀၀၀၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ လက်ထောက် အုပ်ချုပ်ရေးမှူး ဦးခင်ဇော်အောင် မှ ငွေကျပ် ၂၀၀၀၀၀ နှင့် စက်မြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်အေး မှ ငွေကျပ် ၇၀၀၀၀၊ စုစုပေါင်း ငွေကျပ် ၈၆၂၀၀၀ တို့ကို ပေးအပ်လှူဒါန်းခဲ့ရာ Save လူမှုညီရေး ပရဟိတအသင်းမှ တာဝန်ရှိ သူများက လက်ခံရယူခဲ့ကြသည်။
အဆိုပါ Save လူမှုညီရေး ပရဟိတအသင်းအနေဖြင့် မြို့နယ်အတွင်းရှိ အသွားအလာ ကန့်သတ် စောင့်ကြည့်ရေးစင်တာ ၁၄ ခုရှိ စောင့်ကြည့်လူနာများအတွက် နေ့စဉ် အာဟာရကျွေးမွေးခြင်းကို စီစဉ် ဆောင်ရွက် ပေးလျက်ရှိသလို၊ မြို့နယ်အတွင်း ပိုးတွေ့လူနာများနှင့် ထိတွေ့မိသူများ၊ သံသယလူနာများကို မော်တော်ယာဉ်များဖြင့် ကြိုပို့ခြင်းလုပ်ငန်းများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့်လုပ်ငန်း ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုအောက်မှ ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ထို့အတူ မြန်မာ-ကိုရီးယားချစ်ကြည်ရေး တံတားစီမံကိန်းမှ အသွားအလာကန့်သတ် စောင့်ကြည့်ရေး စခန်းများတွင် ရောက်ရှိနေကြသော စောင့်ကြည့်လူနာများ၏ စားသောက်ရေးအတွက် ငွေကျပ် ၅ သိန်း ၊ စောင့်ကြည့်ရေးစခန်းများတွင် လိုအပ်သည်များ ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ် ၅ သိန်း နှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီ ဝန်ထမ်းများအတွက် ငွေကျပ် ၅ သိန်း၊ စုစုပေါင်း အလှူငွေကျပ် ၁၅ သိန်းကို ယနေ့ နံနက် က ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဒေါ်မြင့်မြင့်ကြည့်တို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြသည်။
နိုင်လင်းကျော်(ပြန်/ဆက်)