သီပေါ မတ် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ နွေရာသီ ကျောင်းပိတ်ရက်များတွင် လူငယ်များ ကာယစွမ်းအား၊ ဉာဏစွမ်းအား တိုးတက်မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင် နိုင်မည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ နွေရာသီ အခြေခံအားကစား သင်တန်းများ ကိုမတ်လ (၁)ရက်နေ့မှ စတင်၍ မတ်လ(၁၄)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ ယမန်နေ့ ညနေ(၄)နာရီက သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို ဘောလုံးအခြေခံကစားနည်းနှင့် မြန်မာ့ရိုးရာခြင်းခတ်ကစားနည်းများ ဖြင့် သရုပ်ပြသ၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင် စိုးဝင်းနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သင်တန်းနည်းပြများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခြင်းနှင့်သင်တန်းသားများ အားသင်တန်းဆင်းလက်မှတ်များအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
နွေရာသီ အခြေခံအားကစားသင်တန်းကို မတ်လ(၁)ရက်နေ့မှ(၁၄)ရက်နေ့အထိ (၂)ပတ်တာကာလအတွင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြင်ပ နည်းပြ ဆရာ၊ ဆရာမများက ဘောလုံး၊ ဘော်လီဘော၊ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ တင်းနစ်၊ စားပွဲတင် တင်းနစ်၊ ပြေးခုန်ပစ် စသည့် အားကစားနည်း(၈)မျိုးအား မြို့နယ် အားကစားကွင်းနှင့် မိုးလုံလေလုံ အားကစားရုံတို့တွင် စနစ်တကျ သင်ကြားပြသပေးခဲ့ကြောင်း၊ ဘောလုံးအားကစားသင်တန်းတွင် သင်တန်းသား(၁၁၅)ဦး၊ ဘောလီဘောသင်တန်းတွင် သင်တန်းသား(၂၅)ဦး၊ ဘတ်စကက်ဘော သင်တန်းတွင်(၁၈)ဦး၊ ပိုက်ကျော်ခြင်း သင်တန်းတွင်(၁၈)ဦး၊ ကြက်တောင်သင်တန်းတွင် (၃၇)ဦး၊ တင်းနစ်သင်တန်းတွင်သင်တန်းသား(၂၀) ဦး၊ စားပွဲတင် တင်းနစ်သင်တန်းတွင်သင်တန်းသား(၁၀)ဦး၊ ပြေးခုန်ပစ်သင်တန်းတွင်(၆)ဦး၊ စုစုပေါင်းသင်တန်း(၈)မျိုးတွင် သင်တန်းသားစုစုပေါင်း(၂၄၉)ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)