ကျောက်တလုံးကြီး အောက်တိုဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့အတွင်းရှိကျေးရွာများတွင် တောင်သူများ စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများ အောင်မြင်စွာဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးစပါးပျိုးထောင်ခြင်းလုပ်ငန်းများကို ဇူလိုင်လတွင် ပျိုးထောင်ကာ ဩဂုတ်လဆန်းပိုင်းမှ စတင်၍ လယ်စိုက်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအချိန်တွင် ပေါင်းမြတ်ရှင်းလင်းခြင်းနှင့် မြေဩဇာကျွေးခြင်းကို ဒုတိယအကြိမ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိုးစပါးစိုက်ပျိုးရာတွင် ရွှေရင်အေး နှင့် ရွေးစပါးများကို အများဆုံး စိုက်ပျိုးကြကြောင်း စပါးစိုက်တောင်သူတစ်ဦးထံမှသိရသည်။
ကျောက်တလုံးကြီးမြို့တွင် မိုးစပါးစိုက်ဧက (၁၃၆၀၁)ရှိရာတွင် လယ်စပါးများကို(၈၇၈၆)ဧက စိုက်ပျိုးလျက်ရှိပြီး၊ ယာစပါးများကို(၄၈၁၅)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် မိုးစပါးမျိုးစေ့ထုတ် ဧက(၃၀)စိုက်ပျိုးခဲ့ကြောင်း သိရသည်။
လက်ရှိကာလ မိုးစပါးစိုက်ပျိုးမှုများတွင် မျိုးကောင်းမျိုးသန့်များ ၊ တောင်သူလက်ဝယ်ရောက်ရှိရေး၊ ကောင်းမွန်သောစိုက်ပျိုးရေးစနစ်ဖြင့် စိုက်ပျိုးရေးအတွက် ကျောက်တလုံးကြီးမြို့ စိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြဝင်း (ပြန်/ဆက်)