စဉ့်ကူး မတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ ၂၀၂၃ ခုနှစ် မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စဉ့်ကူးမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခဲ့ကြသော ကျောင်းသား ကျောင်းသူများ လက်ဝယ်အရောက် ယမန်နေ့နေ့လယ် ၁၂ နာရီက အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ၂၇-၃-၂၀၂၂ ရက်နေ့ (၇၇) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်၊ ဖိုးလေးလုံးသောင်းကိုကို ရေးသားသော ၂၃-၃-၂၀၂၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ “ပြည်သူချစ်တဲ့တပ်မတော်” ဂုဏ်ပြုကဗျာ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ဦးလည်မသုန် ထမ်းရွက်ခဲ့၊ (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊တပ်မတော်၏ အား(၁၀)ပါး၊ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ တပ်မတော်နေ့ အထိမ်းအမှတ် ကာတွန်းနှင့် ဆောင်ပုဒ်စသည့် အကြောင်းအရာများ ပါဝင်သည်။
စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန အနေဖြင့် ကျောင်းသား/ ကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတများ ရရှိစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်သတိရစေရန်အတွက် နေ့ထူးနေ့မြတ်များတွင် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေခြင်း၊ စာအုပ်စာစောင်များအား အခမဲ့ ငှားရမ်းပေးခြင်း၊ နံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ စာအုပ်ပြပွဲများ ပြသပေးခြင်းတို့အား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ ဆက်)