သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် “သတိပြုဆင်ခြင်ဖွယ်အီးစီးကရက်အန္တရာယ်” အသိပညာပေး Talk Show ကျင်းပ

သုံးခွ မတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်လူရွယ်များ စီးကရက်သောက်သုံးခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးအန္တရာယ်များအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ “သတိပြုဆင်ခြင်ဖွယ်အီးစီးကရက်အန္တရာယ်”အသိပညာပေး((Talk Show)ကို ယမန်နေ့နံနက် ၁၀နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး  ဒေါ်‌လှိုင်သူဇာက စီးကရက်သောက်သုံးရာကနေ အီးစီးကရက်ကို အစားထိုးသောက်သုံးလာခြင်းကြောင့် ရောဂါဖြစ်ပွားမှုအခြေအနေများအ‌ကြောင်း၊ အီးစီးကရက်မှအန္တရာယ်ရှိ ပစ္စည်းများပါ၀င်မှု ရှိ/မရှိ၊ အန္တရာယ်ရှိ ပစ္စည်းများပါ၀င်ပါက သတိပြုဆင်ခြင်ရမည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက အီးစီးအရက်သောက်သုံးခြင်းသည် သာမန်စီးကရက်နှင့် ဆေးလိပ်သောက်သုံးခြင်းထက် ရောဂါဖြစ်ပွားမှုနည်းသည်ဟုဆိုသော်လည်း မူးယစ်ဆေးကတော့ မည်သည့်အရာမှမကောင်းပါကြောင်း၊ ချောင်းဆိုး၊ ရင်ကျပ်၊ နာတာရှည်အဆုတ်ရောဂါဖြစ်ပွားမှုအန္တရာယ် ပိုများလာနိုင်ပါကြောင်း၊ အီးစီးကရက်သည် ရိုးရိုးစီးကရက်ထက် နီကိုတင်းဓာတ် ပါ၀င်မှုပိုများပါကြောင်း၊‌ ဆေးလိပ်တိုင်းမှာထက် အီးစီးကရက်မှာက နီကိုတင်းဓာတ်ပိုများပါကြောင်း၊ နီကိုတင်းကြောင့် နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးတိုးခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်စေခြင်း၊ မှတ်ဉာဏ်နည်းပါးခြင်းစသည့် ရောဂါများဖြစ်စေနိုင်သည့်အတွက် ဆေးလိပ်နည်းတူအီးစီးကရက်ကိုလည်း လူငယ်လူရွယ်များနှင့် ပြည်သူများလုံး၀မသောက်သုံးသင့်ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အထိမ်းအမှတ်နေ့များတွင် အသိပညာဗဟုသုတရရှိအောင် လူငယ်များအတွက် Online Talk Show များဖြင့် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စည်သူလင်း(ပြန်/ဆက်)