ငါန်းဇွန်မြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) မှ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ငါန်းဇွန် မတ် ၁၆

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နေ့လယ် ၂ နာရီခွဲက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)မှ မောင်မိုးယံ၏ “လူငယ်နှင့် (အနာဂတ်ဘဝမြှင့်တင်ရေး ဆောင်းပါးများ)” စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက စာဖတ်ဝိုင်း ဆွေးနွေးခြင်းဖြင့် စာပေဖတ်ရှုခြင်းကြောင့် အသိအမြင် ဗဟုသုတတိုးပွားစေခြင်း၊  စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာပြီး တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို ဖလှယ်နှီးနှောနိုင်စေရာ စသည့်စာဖတ်ဝိုင်းဆွေးနွေးပွဲမှ ရရှိသည့် အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ အဖွဲ့ဝင် ဒေါ်မို့မို့စံက “လူငယ်နှင့်ခရီးသွားခြင်း” ခေါင်းစဉ်မှ ခရီးသွားခြင်းသည် အကျိုးရှိသောခရီး၊ အကျိုးပြုသောခရီးများ ဖြစ်စေရန်လိုအပ်ကြောင်း၊ ခရီးသွားခြင်းသည် လူတစ်ယောက် ဘဝ၏ဖွံ့ဖြိုးမှု၊ အတွေးအမြင်ကျယ်ပြောမှု၊ ကြီးပွားချမ်းသာမှု၊ ဦးဆောင်ဦးရွက်ပြုနိုင်မှုဆိုသော အခွင့်အလမ်းများဖြင့် မိမိနှင့်မိမိပတ်ဝန်းကျင်ကို အကျိုးပြုနိုင်ကြောင်း၊ သို့သော် ပိုက်ဆံမရှိ၊ အချိန်မရှိ၊ အခွင့်အရေးမရှိ၍ ခရီးသွားအခွင့်အရေး မရရှိသည့် လူငယ်များအတွက် ခရီးသွားစာပေဖတ်ရှုခြင်းဖြင့် ဘဝခရီးမြင့်မားသာယာစေကြောင်းကိုလည်းကောင်း၊ မောင်အောင်ခန့်မော်က “လူငယ်နှင့်ပရဟိတစိတ်” ခေါင်းစဉ်မှ ပရဟိတစိတ်ဓာတ်သည် မိသားစု တစ်စုချင်း ယဉ်ကျေးမှုမှ ရပ်ကွက်ယဉ်ကျေးမှု၊ မြို့ရွာယဉ်ကျေးမှုအထိ အပြန်အလှန်စောင့်ရှောက်ရမည့် လူမှု‌ရေးတာဝန်ဝတ္တရားဖြစ်ကြောင်း ကိုလည်းကောင်း၊ မမြတ်သက်နွယ်က “လူငယ်နှင့်ကျော်ကြားမှု” ခေါင်းစဉ်မှ ကျော်ကြားမှုကို လိုလားသောသူတို့သည် ကောင်းသတင်းဖြင့် ကျော်ကြားခြင်းနှင့် မကောင်းသတင်းဖြင့် ကျော်ကြားခြင်းကို ခွဲခြားသိမြင်ရန်လိုအပ်ကြောင်း၊ လူမှုပတ်ဝန်းကျင်တွင် ဂုဏ်သတင်းကျော်ကြားသူတစ်ယောက်ဖြစ်ဖို့ celebrity တစ်ယောက်ဖြစ်လာဖို့၊ လူထုကလက်ခံသော၊ တိုင်းပြည်တစ်ဝန်း အသိအမှတ်ပြုသော၊ ချစ်ခင်မြတ်နိုးဖွယ်ရာ အများအတွက်အကျိုးရှိအောင် ဆောင်ရွက်မှုတို့ကြောင့် ထင်ရှားကျော်ကြားသူမျိုးဖြစ်ဖို့ လိုအပ်ကြောင်းကိုလည်းကောင်း၊ စာရေးဆရာ မောင်မိုးယံ၏ “လူငယ်နှင့်… (အနာဂတ်ဘဝမြှင့်တင်ရေးဆောင်းပါးများ)” စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ဖတ်ရှု နားလည်မှုများကို စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များနှင့်အတူ အပြန်အလှန်ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)