ကော့မှူး၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး

ကော့မှူး မတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းသည် နွေရာသီကျောင်းပိတ်ရက်များအတွင်း လူငယ်လူရွယ်များနှင့်  ဒေသခံပြည်သူများ စာပေလေ့လာ ဖတ်ရှုလေ့လာနိုင်ရန်၊ စာပေနှင့်အဆက်မပြတ်ထိတွေ့မှုရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းကဘုရားလမ်းရပ်ကွက်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးနေကြောင်း သိရသည်။

အဆိုပါရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ပေါ်တွင် ပြည်သူများ၊‌ ဌာနဆိုင်ရာများ၊ လူငယ်လူရွယ်များအသိပညာဗဟုသုတများစွာ ရရှိနိုင်သောသုတ/ရသ၊ မဂ္ဂဇင်း၊ ဝတ္တု၊ ရုပ်ပြစာအုပ် စုစုပေါင်း(၁၅၀၀)ကျော်ပါရှိပြီး ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်/ ကျေးရွာများအရောက်သတ္တပတ်နှစ်ပတ်လျှင်တစ်ကြိမ် အခမဲ့လိုက်လံငှားရမ်းပေးနေကြောင်း သိရသည်။

ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များအသိပညာ ဗဟုသုတတိုးတက်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားရေးနှင့် လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်း၊ သင်တန်းများဖွင့်လှစ်ပေးခြင်း၊ လူငယ်စကားဝိုင်းများ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ နံရံကပ်စာစောင်ပြသခြင်း လုပ်ငန်းများစသည့်လုပ်ငန်းများကို အစဉ်အမြဲကျင်းပပေးနေကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)