သီပေါ မတ် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီက ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက အစည်းအဝေးကို တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းလိုအပ်ချက်များကို ကဏ္ဍအလိုက်အသီးသီးပေါင်းစပ်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ကြရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ တန်ခူးလအတွင်း ဆောင်ရွက်မည့် မဟာသင်္ကြန်ပွဲတော်၊ အန္တရာယ်ကင်းပရိတ်တရားနာခြင်း၊ သက်ကြီးဘိုးဘွား ကန်တော့ပွဲစသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်ရဲမှူးက လုံခြုံရေးဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်၍လည်းကောင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက အထက်အဆင့်ဆင့်မှ ညွှန်ကြားချက်များအား ချပြရှင်းလင်းခြင်းကိုလည်းကောင်း၊ ပညာရေးဌာနမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဆိုင်ရာနှင့် သင်တန်းဆိုင်ရာကိစ္စများနှင့် ပတ်သက်၍လည်းကောင်း၊ စည်ပင်သာယာရေးဌာနမှ မြို့သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုများနှင့် ပတ်သက်၍လည်းကောင်း၊ အခွန်ဦးစီးဌာနမှ အခွန်များကောက်ခံရရှိမှု အခြေအနေကိုလည်းကောင်း၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ နွေရာသီသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်များတွင် လိုအပ်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြကာ အသီးသီးအပြန်အလှန် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်လလျှင်(၂)ကြိမ် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ် ဆောင်ရွက် လျက်ရှိပြီး အစည်းအဝေးသို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် အနီးအနားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)