ရန်ကုန် မတ် ၁၆
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာအုပ်များထပ်ဆင့်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒေါပုံမြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိန်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အတွင်းရေးမှူး ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက ဒေါပုံမြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဥ်များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပါသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် စာကြည့်တိုက်များမှ စာကြည့်တိုက်ကော်မတီဝင်များနှင့် စာကြည့်တိုက်မှူးများက မိမိတို့၏ စာကြည့်တိုက်များ ရှင်သန်အောင်မြင်အောင် ဆောင်ရွက်နေသည့် လုပ်ငန်းများအား အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် ပညာ့အလင်းတန်းစာကြည့်တိုက်နှင့် ပညာ့ခေါင်းလောင်းသံစာကြည့်တိုက်များသို့ ရန်ကုန်တိုင်း ဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းတို့က လှူဒါန်းသည့် စာအုပ်များကို ထပ်ဆင့်လှူဒါန်းပေးခဲ့ရာ သက်ဆိုင်ရာစာကြည့်တိုက်များက တာဝန်ရှိသူအသီးသီး လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ ဆက်)