မိုင်းခုတ် မတ် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လူငယ်နဲ့ရည်မှန်းချက် ခေါင်းစဉ်ဖြင့် လူငယ်ဘဝပညာသင်စအရွယ်မှစပြီး မိမိဝါသနာ၊ ဗီဇစရိုက်နှင့်ကိုက်ညီသော ရည်မှန်းချက်ထားရှိရန်၊ ထိုရည်မှန်းချက် ကိုလည်း ရရှိပိုင်ဆိုင်နိုင်ရေးကြိုးစားကြရန်၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆဖြင့် အပျော်နောက်ကို ချည်းမလိုက်ရန်၊ လူငယ်ဘဝ၏ တန်ဖိုးရှိသည့်အချိန်ကို အလဟသမဖြစ်စေပဲ ကြိုးစားကြရန်နှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေသည့် စာအုပ်၊ စာစောင် များအား လေ့လာဖတ်ရှုခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်းကို အကျယ်တဝင့်ဆွေးနွေးဟောပြောသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာ အသိပညာပေးစာအုပ်၊ စာစောင်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ သုံးစွဲခြင်းဖြင့်ရရှိနိုင်သည့် ဆိုးကျိုးအန္တရာယ်များ၊ သုံးစွဲရခြင်းအကြောင်းအရင်းများ၊ အရေးယူအပြစ်ပေးနိုင်သည့်ပြစ်မှု၊ ပြစ်ဒဏ်များ၊ ကလေးအလုပ်သများပပျောက်ရေး အသိပညာပေးအကြောင်းအရာများ ပါဝင်သည့် နံရံကပ်စာစောင်များအား တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက ဖတ်ရှုလေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)