မိုးညှင်း မတ် ၁၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေး ရေးအဖွဲ့မှ ဥပဒေရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်နွယ်နွယ်အေးက အဆိုပါအသိပညာပေး ဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လှိုင်က ဥပဒေဆိုင်ရာအထောက်အကူပေးရေးနှင့်ပတ်သက်၍ ဥပဒေအကြောင်းနှင့် ဥပဒေအရင်းအမြစ်အကြောင်းကို ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဝင် ဦးမြသောင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေအကြောင်းအရာများကိုလည်းကောင်း၊ အဖွဲ့ဝင်ဦးခင်မောင်ဝင်းက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်းအရာ များကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများမှ သိရှိလိုသောဥပဒေများကို အသီးသီးမေးမြန်းကြရာ အကြောင်းအရာနှင့်သက်ဆိုင်သူများက ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း၊ ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ ထုတ်ဝေသည့် “ဥပဒေနှင့်အညီ ခုခံချေပဖို့ နွမ်းပါးပြည်သူကူညီကြစို့” ဟူသောအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း