ရန်ကုန် မတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း လူငယ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူဖြစ်စေရန်နှင့် အတွေးအခေါ်များ မြင့်မားလာစေရန်ရည်ရွယ်၍ ဆေးရောင်ခြယ်နှင့်ပန်းချီပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။
ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ပြိုင်ပွဲများ ကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့် အမှတ်ပေး စည်းမျဥ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးနှင့်ပန်းချီပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတို့က အသီးသီးဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုများ အသီးသီးရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်နှင့် တာဝန်ရှိသူများကဆုများ ချီးမြှင့်ခဲ့သည်။
နွေရာသီကျောင်းပိတ်ရက်များ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများအတွက် အတတ်ပညာဗဟုသုတရရှိစေမည့် အခမဲ့သင်တန်းများနှင့် ပြိုင်ပွဲများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို