မြစ်ကြီးနား မတ် ၁၆
ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြန်မာ-တရုတ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် ထည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များ၊ မြန်မာဟိန်ရကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများနှင့် ကံပိုင်တည်စီးပွားရေး နယ်မြေစီမံကိန်းနှင့်စပ်လျဉ်း၍ မတ် ၁၅ ရက် နံနက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့သည်။
ထို့သို့ ဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုလုပ်ငန်း များဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်နယ်အတွင်းရှိပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် စီမံကိန်းဆိုင်ရာလုပ်ငန်းများကို မဖြစ်မနေအကောင်အထည်ဖော်ရာတွင် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေး ညှိနှိုင်းဆွေးနွေးသွားကြရန်လိုကြောင်း တိုက်တွန်းပြောကြားပြီး ကော်မတီအဖွဲ့ဝင်များ၊ ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ၊ တာဝန်ရှိသူများနှင့်အတူ ကံပိုင်တည်စီးပွားရေး နယ်မြေစီမံကိန်းဆိုင်ရာ အကောင်အထည်ဖော်နိုင်ရေးအတွက် MoA ပါအချက်များနှင့် စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ သက်ဆိုင်ရာကဏ္ဍအလိုက်၊ စာချုပ်ပါ အချက် များကို ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် အဆိုပါ အစည်းအဝေးခန်းမ၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဦးဆောင်ကော်မတီ၊လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ကျင်းပပြုလုပ်ခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းကော်မတီများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယခင်နှစ်ကထက် ငြိမ်းချမ်းစွာ၊ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးနိုင်ရေး ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဦးစီးကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ကျင်းပရေးအတွက် တည်နေရာ အတည်ပြုသတ်မှတ်၍ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများ၊ လမ်းလျှောက်သင်္ကြန်တွင်နေ့အလိုက် စတုဒီသာကျွေးမွေးသွားမည့် အစီအစဉ်များ၊ ယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ နှစ် ဆန်းတစ်ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ဇီဝိတဒါနငါးလွှတ်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော် နာယူပွဲ၊ သက်ကြီးပူဇော်ပွဲ အခမ်းအနားများအတွက် သက်ဆိုင်ရာကော်မတီအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များကို အသီးသီးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က မဟာ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီအလိုက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအပေါ် လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ် (ပြန်/ဆက်)